ယောက်ဖရေ
ကြယ်နီလေးခဲပြီး
ဆဲဗင်းဆီးလေးသောက်
ဂစ်တာတီးပြီး သီချင်းဆိုချင်သေးတယ်။
ယောက်ဖရေ
အချိန်တွေလည်း ကုန်ခဲ့ပြီ
နေရာတွေလည်း စုံကြပြီ
ကိုယ့်လမ်းကိုယ်လျှောက်ကြရင်းနဲ့ပဲ
ပြန်ဆုံကြဖို့ မလွယ်တော့ဘူး။
ယောက်ဖရေ
သတိရတာတော့ သတိရတာပေါ့ကွာ
ဒါပေမယ့်
ရောက်တဲ့အရပ် ဖြစ်တဲ့ဘဝမှာ
ပျော်အောင်သာနေကြတာပေါ့
အသက်တွေက မငယ်တော့ဘူး။
ယောက်ဖရေ
ဆိုးခဲ့ပြီးပြီ မိုက်ခဲ့ပြီးပြီ
ဘဝကို ကျေနပ်သလို ဖြတ်သန်းခဲ့ပြီးပြီပဲ
ပြောင်းလဲသင့်တာလေးတွေ ပြောင်းလဲကြတာပေါ့။
ယောက်ဖရေ
ဘဝရဲ့ နှောင်ကြိုးတွေနဲ့
မနက်ဖန်များစွာကို ငါတို့ရုန်းရဦးမယ်။
ယောက်ဖရေ
နည်းပညာခေတ်ကြီးထဲမှာ
ဆက်သွယ်ရေးတွေက လွယ်ကူလာပေမယ့်
တချိန်ချိန်တနေ့နေ့တော့ ပြန်ဆုံချင်သေးတယ်ကွာ။
ယောက်ဖရေ
ဘယ်သူဟာဘာကောင်ဆိုတာထက်
အသက်ကြီးလာတဲ့အခါမှာ
သူငယ်ချင်းတွေကိုပြန်တွေ့ရတာ
စိတ်ပျိုကိုယ်နုပေါ့။
ယောက်ဖရေ
ဘာတွေဘယ်လိုပဲပြောင်းလဲလဲပေါ့
မင်းတို့ငါတို့ရဲ့ တချိန်ကပုံရိပ်တွေကိုတော့
ဘယ်တော့မှ မပြောင်းလဲလိုက်နဲ့။
ယောက်ဖရေ
သူငယ်ချင်းဆိုတာ
ဝေးရင်မေ့ပြီး တွေ့ရင်သေအောင်လွမ်းပေမယ့်
ရင်ထဲမှာအမြဲရှိတယ်ဆိုတာတော့
ကိုယ့်ကိုကိုယ်အသိဆုံးပါ။
ယောက်ဖရေ
ယောက်ဖရေ
ယောက်ဖရေ
ငါမရှိတော့ရင်လည်း
မင်းရင်ထဲမှာ ငါကိုရှိနေပေးပါ။ ။
ငယ်သူငယ်ချင်းများ
ကျောင်းနေဘက်များ
လုပ်ဖော်ကိုင်ဘက်များ
ဘဝတကွေ့မှာ ထိတွေ့ခဲ့တဲ့ သူငယ်ချင်းများကို သတိတရနှင့်...
Thursday, November 25, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment